All News

Local News


Asean News

ကုန်သွယ်မှု ပိုမို အဆင်ပြေချောမွေ့လျက်ရှိသော အာဆီယံ

06 November 2018, Yangon

အာဆီယံနှင့် အာဆီယံစီးပွားရေးအသိုက်အ၀န်း (အေအီးစီ)ဆိုင်ရာ ဗဟုသုတများ ရရှိစေနိုင်ရေးအတွက် မိမိတို့ပါရမီစကားဝိုင်းအဖွဲ့မှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက် တနင်္လာနေ့ထုတ် Commerce ဂျာနယ် Vol: 18, No 43 မှ စာရေးသူ သိန်းမြင့်ဝေရေးသားသည့် ကုန်သွယ်မှု ပိုမို အဆင်ပြေချောမွေ့လျက်ရှိသော အာဆီယံခေါင်းစဉ်ဖြင့် ဆောင်းပါးအား ကိုးကားဖော်ပြခြင်းဖြစ်ပါသည်။

သော့ချက်ကျသော မောင်းနှင်အား

ကုန်သွယ်မှုသည် အာဆီယံစီးပွားရေး တိုးတက်မှုအတွက် သော့ချက်ကျသော မောင်းနှင်အား (Key Driver) ဖြစ်သည်။ ထို့ပြင်ကုန်သွယ်မှုသည် ပိုမိုနက်ရှိုင်းသည့်ဒေသဆိုင်ရာ ပေါင်းစည်းမှု အတွက်လည်း အခရာကျပါသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အကောက်ခွန်လျော့ချခြင်း သို့မဟုတ် ဖယ်ရှားခြင်းအားဖြင့် ကုန်သွယ်မှုစရိတ်များ (Trade costs) ကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။ အာဆီယံသည် အရှေ့ တောင်အာရှ ဒေသအတွင်း အကောက်ခွန်အားလုံး၏ ၉၈ ဒသမ ၆၄ ရာခိုင်နှုန်းကို ကောင်းမွန်စွာ ဖယ်ရှားခဲ့ပြီးဖြစ်သည်။ ထိုမျှသာမက ကုန်သွယ်မှု စရိတ်သက်သာရေးအတွက် အကောက်ခွန် မဟုတ်သော ကုန်သွယ်မှုအဟန့်အတားများကိုလည်း ဆက်လက်လျှော့ချ သွားမည်ဖြစ်သည်။

အကောက်ခွန်မဟုတ်သော အဟန့်အတားများတွင် မလိုလားအပ်သည့် ရှုပ်ထွေးသော အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် များပြားပြီး မလိုလားအပ်သည့် စာရွက်စာတမ်း အထောက် အထားများကို ဦးစွာ လျှော့ချသွားပါမည်။

အာဆီယံသည် ထုတ်လုပ်မှုအခြေခံသည့်တစ်ခုတည်းသော ဈေးကွက် (single market and production base) ကို ဦးတည်အကောင်အထည်ဖော်လျက်ရှိပါသည်။ ကုန်သွယ်မှု အဆင်ပြေ ချောမွေ့ရေး အစီအမံများ (Trade Facilitation measures) သည် အာဆီယံနိုင်ငံများအတွင်း ကုန်စည်နှင့် ၀န်ဆောင်မှု လွတ်လွတ် လပ်လပ် စီးဆင်းရေးအတွက် သော့ချက်ကျပါသည်။ ကုန်သွယ်မှု အဆင်ပြေချောမွေ့ရေး အစီအမံများတွင် အကောက်ခွန် လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီဖြစ်ရေးနှင့် ပေါင်းစည်းရေး(Harmonisation and integration of custom procedures) ၊ အကောက်ခွန်နှင့် အကောက်ခွန်မဟုတ်သော အတားအဆီးများ (Tariffs and non-tariffs barriers) ဖယ်ရှားရေး စသည်တို့ ပါဝင်သည်။

ကုန်သွယ်မှု အဆင်ပြေချောမွေ့ရေးနှင့် ကုန်သွယ်မှု လုပ်ထုံးလုပ်ငန်းများ ဒစ်ဂျစ်တယ် ပြုလုပ်ရေးတို့၏အရေးပါမှုကို နိုင်ငံတကာကလည်း ပိုမိုလက်ခံအသိအမှတ်ပြုနေသည်။ ထို့ကြောင့် အာဆီယံသည် အဆိုပါ အဆင်ပြေချောမွေ့ရေးနှင့် ဒီဂျစ်တယ် ပြုလုပ်ရေးအစီအမံများကို ကြိုတင်၍ ခေတ်မီအောင် ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တစ်နိုင်တစ်ပိုင်၊ အသေစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises- MSMEs) ၏ ကုန်သွယ်မှု တိုးတက်ရေးနှင့် ကုန်သွယ်မှုစရိတ်များ လျော့ကျရေးကို ရည်ရွယ်ပါသည်။

ထိုမျှမက အာဆီယံသည် ပိုမိုနက်ရှိုင်းသော ဒေသဆိုင်ရာ ချိတ်ဆက်မှု (Regional connectivity) အတွက်လည်းကောင်း၊ စီးပွားရေးလုပ်ဆောင်ချက်များ ပိုမိုချောမွေ့စွာ လုပ်ကိုင်နိုင်ရေး အတွက်လည်းကောင်း အစီအစဉ်များစွာကို ဆောင်ရွက်လျက်ရှိပါသည်။

အာဆီယံပြတင်းတစ်ပေါက်စနစ်

အရှေ့တောင်အာရှဒေသသည် အာဆီယံပြူတင်းတစ်ပေါက်စနစ် (ASEAN System of Single Window-ASW) ကို အပြည့်အ၀ အကောင်အထည်ဖော်ရေးကို ကြိုးပမ်းနေပါသည်။ ASW ဆိုသည်မှာ အကောက်ခွန်ရှင်းလင်းမှု (Custom clearance) ကို ပိုမိုလွယ်ကူရှင်းလင်းစေပြီး ကုန်စည်ရှင်းလင်းမှု (Cargo Clearance) ကို ပိုမိုမြန်ဆန်စေသည့် စာရွက်စာတမ်းများ အသုံးပြုလုပ်ဆောင်ရခြင်း ( paperwork) ကို လျော့ကျစေသော ဒစ်ဂျစ်တယ်နည်းလမ်း ( digital platform) ဖြစ်ပါသည်။

အာဆီယံပြတင်းတစ်ပေါက်စနစ်ကို ကျင့်သုံးခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းများသည် သတင်းအချက်အလက်များကို တစ်ကြိမ်တည်းသာလျှင် အီလက်ထရောနစ်နည်းလမ်းဖြင့် ဖြည့်သွင်း ရပါမည်။ သင်္ဘောတင်ကိစ္စရပ်များနှင့် ကုန်ပစ္စည်း ရှင်းလင်းရေးလုပ်ဆောင်ချက်များ ပိုမိုမြန်ဆန် စေသောကြောင့် အချိန်ကုန်သက်သာသည့်အပြင် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရသော စရိတ်များ ( Costs of doing business) သိသိသာသာ ကျဆင်းစေပါသည်။

အာဆီယံတစ်ဝန်း ကိုယ်တိုင်ထောက်ခံသည့်စနစ် ( ASEAN-Wide Self-Certification Regime) ကို စတင်ကျင့်သုံး နေပါသည်။ AWSC regime ဆိုသည်မှာ အာဆီယံပို့ကုန်လုပ်ငန်း ရှင်များသည် ၎င်းတို့၏ကုန်စည်များကို ကိုယ်တိုင်ထောက်ခံချက် ထုတ်ပေးခွင့်ပြုသည့် နည်းလမ်းဖြစ်ပါ သည်။ မိမိ၏ပို့ကုန်ကို မိမိကိုယ်တိုင် ထောက်ခံချက် ပေးရသည့်စနစ်ဖြစ်ပါသည်။ ထိုကဲ့သို့ ထောက်ခံပေးရာတွင် အာဆီယံကုန်စည် ကုန်သွယ်ရေး သဘောတူညီချက် ( ASEAN Trade in Goods Agreement) အရ ဆောင်ရွက်လျက်ရှိသော အကောက်ခွန်သက်သာခွင့်ရရှိရေးအတွက် အာဆီယံ၏ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရပါသည်။

AWSC သည် ပို့ကုန်လုပ်ငန်းရှင်များအတွက် ပိုမိုအဆင်ပြေပြီး အချိန်ကုန်သက်သာကြောင်း တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ငန်းရှင်သည် (Certificate of Origin) ကို သက်ဆိုင်ရာ ဌာန သို့မဟုတ် အဖွဲ့အစည်းသို့ သွားရောက်လျှောက်ထားရန် မလိုအပ်တော့ သောကြောင့် ဖြစ်သည်။ (Certificate of Origin(CO)) ဆိုသည်မှာ ကုန်စည်ထုတ်လုပ်ရာနေရာ သို့မဟုတ် ဒေသကို ဖော်ပြ ထားသော ထောက်ခံချက် လက်မှတ်ဖြစ်ပါသည်။ AWSC အရ အချိန်မရွေး ကိုယ်တိုင် ထောက်ခံချက် ပေးနိုင် သောကြောင့် ကုန်သွယ်မှု အဆင်ပြေချောမွေ့ရေးကိုလည်း များစွာ အထောက်အကူပြုပါ သည်။

အပြန်အလှန် အသိအမှတ်ပြုရေးသဘောတူညီချက်

၂၀၁၈ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် အာဆီယံ အကောက်ခွန် ညွှန်ကြားရေးမှူးချုပ်သည် အာဆီယ့ အပြန်အလှန် အသိအမှတ်ပြုရေး သဘောတူညီချက် (ASEAN Mutual Recognition Agreement-MRA) အတွက် ဖြစ်နိုင်ချေ လေ့လာမှု စတင်ကြောင်း အတည်ပြုပေးခဲ့ပါသည်။ အထူးသဖြင့် အခွင့်ရ စီးပွားရေးလုပ်ဆောင်သူ ( Authorised Economic Operator-AEO) ဆိုင်ရာ အာဆီယံ (MRA) ကို အတည်ပြု ထောက်ခံချက်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်တန်စွမ်းလေ့လာမှုက အာဆီယံအဖွဲ့ဝင်နိုင်ငံများအား (AEC ) ဆိုင်ရာ အာဆီယံ ( MRA) ကျင့်သုံးအကောင်အထည်ဖော်မှုအတွက် တိကျသော အချက်အလက်များကို ဆန်စစ်မည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆန်းစစ်ရာတွင် နိုင်ငံစုံကုန်သွယ်မှုအဆင့် ( Multilateral level)တွင် ကျင့်သုံးနိုင်မည့် ( AEO MRA) ကို အလေးထား လေ့လာမည်ဖြစ်ပါသည်။

အခွင့်ရ စီးပွားရေးလုပ်ဆောင်သူများ ( Authorised Economic Operators) တွင် ပို့ကုန်လုပ်ငန်းရှင်၊ သွင်းကုန်လုပ်ငန်းရှင်နှင့် ကုန်စည်သယ်ယူပို့ဆောင်သူများကဲ့သို့သော နယ်စပ် ဖြတ်ကျော် ကုန်စည်ဝယ်ယူပို့ဆောင်သည့် ကုမဏီများ ပါဝင်သည် ( AECOMRA) အစီအစဉ်အရ သက်ဆိုင်ရာ နိုင်ငံ၏အကောက်ခွန်ဦးစီးဌာနက ကမ္ဘာ့ အကောက်ခွန်အဖွဲ့ ( World Customs Organiation)၏ သတ်မှတ်ချက်နှင့်အညီ ( AEO) ထောက်ခံချက် ထုတ်ပေးပါမည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် အခွင့်ရ စီးပွားရေးလုပ်ဆောင်သူများသည် ထုတ်လုပ်ရောင်းချမှု ကွင်းဆက် လုံခြုံရေး (Supply Chain Security ) ဆိုင်ရာ စံချိန်စံညွှန်းများကို အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်မည်ဖြစ်သည်။

(AEO) ကုမဏီများသည် ကုန်ပစ္စည်းတင်ပို့ တင်သွင်းရာတွင် ပိုမိုအဆင်ပြေချောမွေ့ခြင်းနှင့် မြန်ဆန်သော အကောက်ခွန်ရှင်းလင်းခြင်း စသည့်ကောင်းကျိုးများကို ခံစားရပါမည်။ အထူးသဖြင့် က်ုစည်ကူးသန်းရောင်းဝယ်ရာတွင် ပိုမိုတိကျစွာ ကြိုတင်ခန့်မှန်းနိုင်ခြင်းနှင့် ကုန်သည်လုပ်ငန်းရှင်များ အတွက် စီမံအုပ်ချုပ်မှုစရိတ် ပိုမိုကျဆင်းခြင်း (Lower Administrative costs) တို့ကို ခံစားရပါမည်။ ထို့ကြောင့် ( AEO) ဆိုင်ရာ အာဆီယံ ( MRA) သည် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အတွက် ထိရောက်အကျိုးရှိသော အစီးအစဉ်တစ်ခုဖြစ်ပါသည်။

သိန်းမြင့်ဝေ

Copyright © AEC Myanmar. All rights reserved 2012.